လုပ်ငန်းအောင်မြင်တိုးတက်အောင် ဒီအချက်တွေဆောင်

ဒင်းန်တေလာဟာ နှစ်ပေါင်း၂၀ကျော်အတွင်းမှာ ကုမ္ပဏီ၈ခုကို အောင်မြင်စွာတည်ထောင်နိုင်ခဲ့တဲ့ ဝိုင်လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ Digital Wine Venturesကုမ္ပဏီရဲ့ CEOအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိနေပါတယ်။ လုပ်ငန်းတစ်ခုအောင်မြင်တိုးတက်ဖို့အတွက် လုပ်ဆောင်ရမယ့်အချက်များကို သူ့ရဲ့နှစ်၂၀ကျော်အတွေ့အကြုံအပေါ် အခြေခံပြီး ဒင်းန်တေလာက CEOမဂ္ဂဇင်းနဲ့အင်တာဗျူးမှာ အခုလိုပြောပြပေးခဲ့ပါတယ်။

 

၁။ လုပ်ငန်းချည်းသက်သက်မထောင်ပါနဲ့ ၊ သင့်ရဲ့စိတ်အားထက်သန်မှုကို ပူးတွဲတည်ထောင်ပါ။

သင့်အနေနဲ့ လုပ်ငန်းတစ်ခုကို စတင်တော့မယ်ဆိုရင် သင်ကိုယ်တိုင် စိတ်အားထက်သန်မှုအရှိဆုံး စိတ်ကူးစိတ်သန်းတွေနဲ့ပဲ လုပ်ငန်းကို တည်ဆောက်သင့်ပါတယ်။ ဘယ်လိုလုပ်ငန်းမျိုးပဲမဆို အသက်ရှူကြပ်စရာ အခက်အခဲတွေဟာ ကြုံလာတတ်စမြဲမို့ ကိုယ်ကိုယ်တိုင် ဆန္ဒပြင်းပြတဲ့၊ ဝါသနာကြီးမားတဲ့လုပ်ငန်းမျိုးကိုသာ ရွေးချယ်သင့်ပါတယ်။

 

၂။ ကြိုတင်စီမံပါ။

သင့်ရဲ့လုပ်ငန်းက ဘယ်ကိုဦးတည်နေတယ်ဆိုတာ ရှင်းလင်းသေချာဖို့အတွက် တိကျတဲ့Planတွေရှိနေဖို့လိုပါတယ်။ လာမယ့်တစ်နှစ် ၊ နှစ်နှစ် ၊ ငါးနှစ်အတွင်းမှာ သင့်လုပ်ငန်း ဘယ်လောက်ထိတိုးတက်အောင်မြင်ရမယ်ဆိုတာမျိုးကို လက်တွေ့ကျကျPlanဆွဲထားရမှာဖြစ်ပါတယ်။ လုပ်ငန်းလည်ပတ်ဖို့၊ ချဲ့ထွင်ဖို့ လိုအပ်တဲ့ကုန်ကျစရိတ်တွေကို ထည့်သွင်းတွက်ချက်ထားရမှာဖြစ်သလို မထင်မှတ်တဲ့အပြောင်းအလဲတွေဖြစ်လာခဲ့ရင် အထိအခိုက်နည်းနိုင်သမျှနည်းဖို့ကိုလည်း ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ ရေတိုရေရှည်စီမံကိန်းတွေ အခိုင်အမာရှိနေခြင်းအားဖြင့် ဝန်ထမ်းတွေရဲ့ယုံကြည်မှုကိုလည်း ရရှိနိုင်မှာဖြစ်ပြီး ဝန်ထမ်းကောင်းတွေ သင့်ဆီရောက်ာဖို့ အခွင့်အလမ်းပိုများနိုင်ပါတယ်။

 

၃။ စားသုံးသူကို အမြဲတမ်းဂရုစိုက်ပါ။

စီးပွားရေးမှာ အရိုးရှင်းဆုံးသော သဘောတရားတစ်ရပ်ဖြစ်ပေမယ့် အတော်များများကတော့ လိုက်နာဖို့ပျက်ကွက်လေ့ရှိပါတယ်။ စားသံုံးသူရဲ့စိတ်ကျေနပ်မှုကို အပြည့်အဝရရှိတဲ့လုပ်ငန်းတွေသာ ရေရှည်အကျိုးအမြတ်ရရှိနိုင်မှာဖြစ်တာကြောင့် အထူးဂရုစိုက်ဖို့အရေးကြီးပါတယ်။

 

၄။ နည်းပညာ

ယနေ့ခေတ်ဟာ နည်းပညာခေတ်ဖြစ်တာကြောင့် သင့်ရဲ့လုပ်ငန်းမှာလည်း ဒါတွေကို အံဝင်ခွင်ကျအသုံးချဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ နည်းပညာပိုင်းမှာ ခေတ်နောက်ကျနေတဲ့ လုပ်ငန်းတစ်ခုဟာ ရေရှည်ရပ်တည်နိုင်ဖို့ခက်ပါတယ်။

၅။ လုပ်ငန်းခွင်ပျော်ရွှင်မှု

သင့်ရဲ့ဝန်ထမ်းတွေ အလုပ်လုပ်ရတာပျော်ရွှင်စိတ်ချမ်းသာအောင် ဖန်တီးပေးနိုင်ဖို့အရေးကြီးပါတယ်။ ဝန်ထမ်းတွေ ပျော်ပျော်ရွှင်ရွှင်အလုပ်လုပ်နေမှသာ လုပ်ငန်းပိုမိုတိုးတက်မှာဖြစ်သလို စားသုံးသူတွေရဲ့စိတ်ကျေနပ်မှုကို ရရှိနိုင်မှာပါ။ ဒါ့အပြင် ကိုယ့်အလုပ်မှာဝန်ထမ်းမြဲဖို့လည်း လုပ်ငန်းခွင်ပျော်ရွှင်မှုက အရေးကြီးပါတယ်။

 

၆။ အပြောင်းအလဲ = အခွင့်အလမ်း

လူအများစုက အပြောင်းအလဲကို စိုးရွံ့လေ့ရှိပါတယ်။ စီးပွားရေးနယ်ပယ်မှာတော့ အပြောင်းအလဲဆိုတာ အခွင့်အလမ်းပဲဖြစ်တာမို့ လိုအပ်တဲ့အပြောင်းအလဲတွေကို စနစ်တကျပြင်ဆင်လုပ်ဆောင်သင့်ပါတယ်။