ရင်းနှီးမြှုပ်နှံမှုအကြောင်း သိကောင်းစရာများ

ဒီနေ့ခေတ်မှာတော့ ရင်းနှီးမြှုပ်နှံမှု(Investment)ဆိုတဲ့စကားလုံးက ရေပန်းစားလျက်ရှိနေပါတယ်။ တကယ်တော့ ကုမ္ပဏီတစ်ခု ၊ လုပ်ငန်းတစ်ခုတည်ထောင်မှမဟုတ်ဘဲ တစ်ဦးချင်း ဒါမှမဟုတ် မိသားစုအဆင့်လောက်မှာ အသုံးပြုလို့ရနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုသဘောတရားတွေလည်းရှိပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ အခြေခံအချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Risk

စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတိုင်းဟာ အနည်းနဲ့အများRiskယူရပါတယ်။ riskနည်းမယ်ဆိုရင် အကျိုးအမြတ်လည်းနည်းတတ်ပါတယ်။ ဒါဟာ ရင်းနှီးမြှုပ်နှံမှုရဲ့ အခြေခံသဘောတရားပါပဲ။ ဒါကြောင့် ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားပြီဆိုရင် မိမိမှာပိုင်ဆိုင်ထားတာရဲ့ တစ်စိတ်တစ်ပိုင်းကိုသာ စဉ်းစားသင့်ပါတယ်။ ဒါမှသာ မမျှော်လင့်တဲ့ဆုံးရှူံးမှုတွေနဲ့ ကြုံတွေ့လာခဲ့ရင် ဆက်လက်ရပ်တည်နိုင်မှာဖြစ်ပါတယ်။

၂။ ရည်မှန်းချက်

ရင်းနှီးမြှုပ်နှံမှုဆိုတာ ပို့ဆောင်ဆက်သွယ်ရေးနဲ့ သဘောတရားချင်းဆင်တူပါတယ်။ ကိုယ်သွားချင်တဲ့နေရာပေါ်မူတည်ပြီး စက်ဘီးနဲ့သွားမလား ၊ ကားနဲ့သွားမလား ၊ လေယာဉ်စီးမလားဆိုတာကို ရွေးချယ်ရတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် သင့်ရဲ့ငွေကြေးရည်မှန်းချက်ပေါ်မူတည်ပြီး ဘယ်လိုရင်းနှီးမြှုပ်နှံမှုမျိုးကို ပြုလုပ်သင့်တယ်ဆိုတာ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

ဥပမာ - လာမယ့်နှစ် သင့်ရဲ့မင်္ဂလာဆောင်မှာ အသုံးပြုဖို့ ရည်စူးထားတဲ့ငွေကြေးမျိုးကို riskများတဲ့လုပ်ငန်းတွေမှာ သွားရောက်ရင်းနှီးမြှုပ်နှံတာမျိုးမလုပ်သင့်ပါဘူး။ ဒါဟာ အနီးအနားက စူပါမားကတ်တစ်ခုကို လေယာဉ်နဲ့သွားသလိုမျိုးပါပဲ။ မြန်ဆန်ပြီး စိတ်လှုပ်ရှားစရာကောင်းနိုင်ပေမယ့် riskလည်းများပါတယ်။ ဒါဟာ စက်ဘီးနဲ့ ဒါမှမဟုတ် ဘတ်စ်ကားနဲ့သွားရမယ့် ခရီးမျိုးသာလျှင်ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် riskနည်းတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးမှာသာ အသုံးပြုသင့်ပါတယ်။

၃။ တခြားသူများကိုအတုခိုးခြင်း

လူတစ်ယောက်ချင်းစီမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ မတူညီတဲ့ရည်ရွယ်ချက်တွေ အသီးသီးရှိနိုင်ပါတယ်။ တခြားတစ်ယောက်ရဲ့ ရင်းနှီးမြှုပ်နှံမှုရည်ရွယ်ချက်ဟာ ကိုယ်နဲ့ထပ်တူကျနိုင်မှာမဟုတ်တာကြောင့် အတုခိုးလို့မရနိုင်ပါဘူး။

တကယ်တော့ လူတစ်ယောက်နဲ့အသင့်တော်ဆုံး ရင်းနှီးမြှုပ်နှံမှုဆိုတာ သူ့ရဲ့ရည်မှန်းချက်အပြင် တတ်နိုင်တဲ့ငွေကြေးပမာဏ ၊ အရှူံးခံနိုင်စွမ်း ၊ ရင်းနှီးမြှုပ်နှံမှုပိုင်းမှာကျွမ်းကျင်ပါးနပ်မှုနဲ့ အခြားအချက်တွေပေါ်မူတည်ပြီး ကွဲပြားသွားကြမှာဖြစ်ပါတယ်။