လုပ်ငန်းတစ်ခုစတင်နိုင်ဖို့အတွက် ပြင်ဆင်ထားရမယ့်အချက်တွေ

ငွေရေးကြေးရေးအရ တစ်စုံတစ်ရာမှီခိုစရာမလိုဘဲ လွတ်လပ်မှုရှိတာ ၊ ကိုယ်ကြိုးစားရင်ကြိုးစားသလောက် အကျိုးအမြတ်များနိုင်တာ ၊ ကိုယ့်ရဲ့စိတ်ကူးစိတ်သန်းတွေကို လွတ်လွတ်လပ်လပ်အကောင်အထည်ဖော်နိုင်တာ အစရှိတဲ့အားသာချက်တွေကြောင့် ကိုယ်ပိုင်လုပ်ငန်းလုပ်လိုသူတွေ များစွာရှိနေပါတယ်။ ဒါကြောင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းလေးတွေကို နေရာတိုင်းလိုလိုမှာ တွေ့မြင်နေရတာ သိပ်တော့မထူးဆန်းလှပါဘူး။

ဒါပေမယ့် ကိုယ်ပိုင်လုပ်ငန်းထောင်လိုက်တိုင်း အောင်မြင်မယ်လို့တော့ အာမခံချက်ရှိမနေပါဘူး။ ဒီနှစ်အစောပိုင်းကပြုလုပ်ခဲ့တဲ့ သုတေသနစစ်တမ်းတစ်ရပ်အရ ကိုယ်ပိုင်လုပ်ငန်းတွေရဲ့ သုံးပုံနှစ်ပုံလောက်သာ စတင်တည်ထောင်ပြီး နှစ်နှစ်ကျော်အထိ ဆက်လက်ရှင်သန်နိုင်တယ်လု့ိဆိုပါတယ်။ ဒါဟာ အမေရိကန်လိုနိုင်ငံမျိုးကို အခြေပြုလေ့လာထားတဲ့ စစ်တမ်းတစ်ရပ်ဖြစ်ပြီး ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံမျိုးမှာဆိုရင် တစ်ပိုင်တစ်နိုင်လုပ်ငန်းတွေရဲ့ ရှင်သန်မှုနှုန်းက ပိုမိုနည်းပါးနိုင်ပါတယ်။

ဒါကြောင့် ကိုယ်ပိုင်လုပ်ငန်းတည်ထောင်တယ်ဆိုတာ စွန့်စားရတဲ့ကိစ္စမျိုးပဲဖြစ်ပြီး မြတ်ချင်လို့လုပ်တာမှန်ပေမယ့် မတော်တဆရှူံးကောင်းရှူံးသွားနိုင်တဲ့အန္တရာယ်လည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိကျခိုင်မာတဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့ စနစ်တကျတည်ထောင်သွားမယ်ဆိုရင်တော့ ကြိုတင်ကာကွယ်လို့ရနိုင်တဲ့ဆုံးရှူံးမှုတိုင်းကို ကာကွယ်နိုင်မှာအသေအချာပါပဲ။

ဒါကြောင့် အောင်မြင်တဲ့လုပ်ငန်းတစ်ခုကိုစတင်နိုင်ဖို့အတွက် မဖြစ်မနေပြင်ဆင်ထားရမယ့်အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

 

၁။ ဈေးကွက်ကိုလေ့လာခြင်း

တစ်နိုင်တစ်ပိုင်လုပ်ငန်းတစ်ခုအနေနဲ့ ဈေးကွက်ထဲမှာရှင်သန်နိုင်ဖို့ဆိုရင် ဈေးကွက်ရဲ့ ပြဿနာတစ်ရပ်ကိုဖြေရှင်းပေးနိုင်တာ ၊ စားသုံးသူတွေရဲ့ လိုအပ်ချက် ၊ ဒါမှမဟုတ် လိုအင်ဆန္ဒကိုဖြည့်စွမ်းပေးနိုင်တာ အစရှိတဲ့တစ်ချက်ချက်ကို ပိုင်ဆိုင်ထားဖို့လိုပါတယ်။ ဒါတွေကိုသိနိုင်ဖို့အတွက် စားသုံးသူတွေနဲ့ ဈေးကွက်ကို ဂရုတစိုက်လေ့လာနေရမှာဖြစ်ပါတယ်။

 

၂။ စီမံကိန်းရေးဆွဲခြင်း

စီမံကိန်းလို့ပြောရင်တော့ အနည်းငယ်ကိန်းကြီးခန်းကြီးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့စိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့အတွက် လုပ်ငန်းစီမံကိန်းက မဖြစ်မနေလိုအပ်ပါတယ်။ သင့်လုပ်ငန်းရဲ့ အနာဂတ်ရည်မှန်းချက် ၊ အဲဒီကိုရောက်အောင်သွားဖို့အတွက် ရေတိုရေရှည်စီမံချက်တွေကို စနစ်တကျရေးဆွဲထားရမှာဖြစ်ပြီး လက်တွေ့ကျတဲ့ရည်မှန်းချက် ၊ စီမံချက်မျိုးဖြစ်ဖို့လည်း ဂရုစိုက်သင့်ပါတယ်။

 

၃။ ငွေကြေးစီမံခန့်ခွဲမှု

တစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်တဲ့အတွက် မတည်ရင်းနှီးငွေက အရမ်းများမှာတော့မဟုတ်ပါဘူး။ ဒါပေမယ့် မဖြစ်မနေအသုံးပြုဖို့လိုအပ်တဲ့ အသုံးစရိတ်တွေ(ထွက်ငွေတွေ)ကို စနစ်တကျစီမံခန့်ခွဲနိုင်ဖို့အရေးကြီးပါတယ်။ ယေဘုယျအားဖြင့် လုပ်ငန်းတစ်ခုအနေနဲ့ စတင်ချိန် အနည်းဆုံး၆လလောက်သတ်မှတ်ထားသင့်ပြီး အဆိုပါကာလအတွင်း ဝင်ငွေကိုလုံးဝထည့်မစဉ်းစားဘဲ အသုံးစရိတ်ကိုသာ အကျိုးရှိရှိစီမံခန့်ခွဲရမှာဖြစ်ပါတယ်။

အသုံးစရိတ်လို့ဆိုတဲ့နေရာမှာ တစ်ကြိမ်တည်းသာအသုံးပြုရမယ့် အသုံးစရိတ်တွေနဲ့ အပတ်စဉ်(လစဉ်)အသုံးပြုရမယ့် အသုံးစရိတ်တွေဆိုပြီး နှစ်မျိုးနှစ်စားရှိနိုင်ပါတယ်။ လုပ်ငန်းလိုင်စင် ၊ ပါမစ် ၊ အာမခံကြေး ၊ လိုအပ်တဲ့စက်ပစ္စည်းကိရိယာတွေဟာ တစ်ကြိမ်တည်းသာအသုံးပြုရမယ့် အသုံးစရိတ်စာရင်းဝင်ပြီး ရုံးခန်းနဲ့တကွ အခြားသောငှါးရမ်းခတွေ ၊ ကြော်ငြာအသုံးစရိတ်တွေ ၊ ထုတ်လုပ်မှုကုန်ကျစရိတ်တွေ ၊ ဝန်ထမ်းလစာတွေကတော့ လစဉ်အသုံးစရိတ်ထဲပါဝင်နေမှာဖြစ်ပါတယ်။ လစဉ်အသုံးစရိတ်ထဲမှာ သင်ကိုယ်တိုင်ရဲ့လစာကိုလည်း ထည့်သွင်းထားဖို့လိုအပ်ပါတယ်။

 

၄။ ဝန်ထမ်းခန့်အပ်ခြင်း

လုပ်ငန်းလည်ပတ်နိုင်ဖို့အတွက် လိုအပ်တဲ့ကျွမ်းကျင်ဝန်ထမ်း ၊ အခြေခံဝန်ထမ်းတွေခန့်အပ်ရာမှာ သူတို့ရဲ့တာဝန်နဲ့ခံစားခွင့်တွေကို တိတိကျကျသတ်မှတ်ပေးထားဖို့လိုပါတယ်။ (ဝန်ထမ်းရွေးချယ်ခန့်အပ်ခြင်းကိုတော့ သီးသန့်ဆောင်းပါးတစ်ပုဒ်နဲ့ ထပ်မံတင်ဆက်ပေးသွားမှာဖြစ်ပါတယ်)

 

၅။ ကြော်ငြာ

လုပ်ငန်းစတင်လည်ပတ်နိုင်တဲ့အခြေအနေကိုရောက်လာပြီဆိုရင်တော့ မဖြစ်မနေလုပ်ရမှာက သင့်လုပ်ငန်းကိုကြော်ငြာဖို့ပါပဲ။ ဒီဖက်ခေတ်မှာ ကြော်ငြာခြင်းနဲ့ပတ်သက်လို့ နည်းစနစ်၊ နည်းဗျူဟာတွေ အမျိုးမျိုးရှိနေတာဖြစ်လို့ မိမိနဲ့သင့်တော်ရာကိုရွေးချယ်နိုင်ပါတယ်။ ကြော်ငြာအတွက် အသုံးစရိတ်ကို မနှမျောသင့်သလို ထိရောက်တဲ့ငွေကြေးကုန်ကျမှုမျိုးဖြစ်ဖို့လည်း သေချာစိစစ်သွားရမှာဖြစ်ပါတယ်။