Carbon-free အလူမီနီယံသတ္ထုများကို ပထမဆုံးအကြိမ်အဖြစ် Appleဝယ်ယူ

ကုမ္ပဏီသမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် Carbon-freeအလူမီနီယံသတ္ထုများကို အများအပြားဝယ်ယူထားကြောင်း Appleက တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါသတ္ထုများဟာ ဒီလအတွင်းမှာ Appleကုမ္ပဏီကို ရောက်ရှိလာမှာဖြစ်ပြီး နောက်လာမယ့် Appleထုတ်ကုန်များမှာ အသုံးပြုသွားဖို့ရှိတယ်လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့ပေမယ့် ဘယ်ထုတ်ကုန်တွေဖြစ်မလဲဆိုတာကိုတော့ အတိအကျဖြေကြားပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

အလူမီနီယံသတ္ထုထုတ်လုပ်မှုဖြစ်စဉ်မှာ ကာဗွန်ကို မှီခိုထားရတာဖြစ်ပါတယ်။ ကာဗွန်လျှပ်စစ်ငုတ်ကိုဖြတ်သန်းပြီး အနည်ကျအောင်ပြုလုပ်ရတဲ့ဖြစ်စဉ်မှာ လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေထုတ်လွှတ်ရတာကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တဲ့အတွက် နောက်ပိုင်းမှာ carbon-freeအလူမီနီယံက ပိုမိုတွင်ကျယ်လာခဲ့တာဖြစ်ပါတယ်။

Appleဟာ အလူမီနီယံသတ္ထုကို သူ့ရဲ့ထုတ်ကုန်အများစုမှာ ထည့်သွင်းအသုံးပြုခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကဖြန့်ချိခဲ့တဲ့ Macbookတွေမှာတော့ recycledအလူမီနီယံကို အသုံးပြုခဲ့ပါတယ်။

အခု carbon-freeအလူမီနီယံများကို ဝယ်ယူအသုံးပြုခြင်းဟာ Appleရဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ တစ်ဖက်တစ်လမ်းကပါဝင်ပူးပေါင်းတဲ့ ခြေလှမ်းသစ်တစ်ရပ်ဖြစ်တယ်လို့လည်း လေ့လာသူတွေကဆိုပါတယ်။

Appleရဲ့ carbon-freeအလူမီနီယံဝယ်ယူမှုပမာဏကို အတိအကျသိရှိရခြင်းမရှိပေမယ့် တန်ဖိုးအလွန်များပြားမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။