တရုတ်ဈေးကွက်အတွင်း ရောင်းအားကျဆင်းနေပေမယ့် ရင်းနှီးမြှုပ်နှံမှုတွေဆက်တိုက်ပြုလုပ်နေဆဲ Fordကုမ္ပဏီ

နာမည်ကျော်Fordကားကုမ္ပဏီဟာ တရုတ်ဈေးကွက်အတွင်းမှာ ဈေးကွက်ဝေစုအခိုင်အမာရရှိဖို့အတွက် ရုန်းကန်နေရတာ ဆယ်စုနှစ်တစ်ခုနီးပါးရှိလာခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာ့အကြီးမားဆုံးကားဈေးကွက်တစ်ခုဖြစ်တဲ့ တရုတ်ဈေးကွက်မှာတော့ ဒိတ်ဒိတ်ကြဲကားကုမ္ပဏီကြီး၃ခုလောက်က အပြိုင်ဖြစ်နေခဲ့တာပါ။

အမေရိကန်ရဲ့ နံပါတ်တစ်ကားကုမ္ပဏီလို့ပြောရမယ့် General Motorsဟာ တရုတ်ဈေးကွက်မှာလည်း ရောင်းအားအကောင်းဆုံးအဖြစ် ရပ်တည်လျက်ရှိနေပါတယ်။ Fordကုမ္ပဏီက ဒုတိယနေရာမှာရှိနေပြီး သူ့ရဲ့နောက်မှာတော့ Fiatကုမ္ပဏီဖြစ်ပါတယ်။

၂၀၀၈ခုနှစ်နောက်ပိုင်းမှာတော့ Fordကုမ္ပဏီဟာ တရုတ်ရဲ့ဈေးကွက်အတွင်း ဈေးကွက်ဝေစုပမာဏဟာ ၅%မကျော်ခဲ့ပါဘူး။ နောက်ပိုင်းနှစ်အနည်းငယ်အတွင်းမှာ ပိုမိုကျဆင်းလာခဲ့ပြီး ၂၀၁၅ခုနှစ်မှာ ၄.၇%ရှိခဲ့ရာကနေ ၂၀၁၈ခုနှစ်မှာတော့ ၂.၉%ထိရောက်သွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အခုလိုရောင်းအားကျဆင်းနေတာ Fordကုမ္ပဏီတစ်ခုထဲတော့မဟုတ်ပါဘူး။ တရုတ်ရဲ့ကားဈေးကွက်တစ်ခုလုံးက သိသိသာသာအကျဖက်ကိုရောက်နေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကားကုမ္ပဏီကြီးတွေဟာ အပြိုင်အဆိုင်ဈေးလျှော့ပြီး ရောင်းအားကို ပြန်လည်မြှင့်တင်နိုင်ဖို့ အသီးသီးကြိုးစားနေရပါတယ်။ General Motorsကုမ္ပဏီဆိုရင် ၂၀၁၈ခုနှစ်အတွင်းမှာ ဈေးကွက်ဝေစု ၁၃.၈%ရရှိထားပေမယ့် သူလည်း ၂၀၁၅နောက်ပိုင်းမှာ ဆက်တိုက်ရောင်းအားကျဆင်းလာမှုကို မရှောင်လွှဲနိုင်ခဲ့ပါဘူး။

အခုလိုစံချိန်တင်ရောင်းအားကျဆင်းမှုတွေကို ရပ်တန့်နိုင်ဖို့အတွက် Fordကုမ္ပဏီဟာ ရင်းနှီးမြှုပ်နှံမှုတွေထပ်မံပြုလုပ်ပြီးတရုတ်ဈေးကွက်အတွက်သီးသန့်ထုတ်လုပ်ထားတဲ့ကားတွေရဲ့အရည်အသွေးကို မြှင့်တင်ဖို့ကြိုးစားနေပါတယ်။ ဒါ့အပြင် တရုတ်ပြည်တွင်းမှာတည်ထောင်ထားတဲ့ ချန်အန်းဖို့ဒ်စက်ရုံက ကားနဲ့ဆက်စပ်ပစ္စည်းတွေကို အာရှ-ပစိဖိတ်ဈေးကွက်အတွက်သာလျှင်မက ကမ္ဘာတလွှားမှာအသုံးပြုနိုင်အောင် ပြောင်းလဲထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ဆိုပါတယ်။