ကိုးရီးယားဟွန်ဒိုင်းကားကုမ္ပဏီက လာမည့်၆နှစ်အတွင်း ဒေါ်လာ၅၂ဘီလီယံကျော် ရင်းနှီးမြှုပ်နှံသွားမည်

ကိုးရီးယားရဲ့နာမည်ကျော်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ဟွန်ဒိုင်းဟာ လာမယ့်၂၀၂၀နဲ့၂၀၂၅ခုနှစ်ကြားမှာ ဒေါ်လာ၅၂ဘီလီယံကျော်တန်ကြေးရှိတဲ့ ရင်းနှီးမြှုပ်နံှမှုများပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါရင်းနှီးမြှုပ်နှံမှုစုစုပေါင်းရဲ့ သုံးပုံတစ်ပုံကိုတော့ လျှပ်စစ်ကားနဲ့ မောင်းသူမဲ့ကားစီမံကိန်းများမှာ သုံးစွဲသွားမှာဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနကိုပြောကြားခဲ့ပါတယ်။

ဟွန်ဒိုင်းကုမ္ပဏီဟာ လာမယ့်၂၀၂၀ပြည့်နှစ်ကစလို့ တစ်နှစ်ကို ပျမ်းမျှဒေါ်လာ၈ဘီလီယံကျော်ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး ဒါဟာ ပြီးခဲ့တဲ့၂၀၁၈ခုနှစ်ကထက်စာရင် နှစ်စဉ်ရင်းနှီးမြှုပ်နံှမှုပမာဏ ဒေါ်လာ၃ဘီလီယံကျော် ပိုမိုများပြားလာခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါရင်းနှီးမြှုပ်နှံမှုစုစုပေါင်းထဲက ဒေါ်လာ၁၆ဘီလီယံကျော်ကိုတော့ အနာဂတ်အတွက် နည်းပညာသစ်စီမံကိန်းများမှာ ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ကြောင်းသိရပါတယ်။

၂၀၂၅ခုနှစ်မတိုင်မီ ကမ္ဘာ့ကားဈေးကွက်ရဲ့ လျှပ်စစ်ကားထုတ်လုပ်မှုအများဆုံးကုမ္ပဏီ၃ခုစာရင်းထဲမှာ ပါဝင်လာနိုင်ဖို့ ဟွန်ဒိုင်းကုမ္ပဏီက ရည်မှန်းထားတယ်လို့ဆိုပါတယ်။ အဆိုပါရည်မှန်းချက်အတိုင်း ပြည့်မီနိုင်ဖို့အတွက် တစ်နှစ်ပျမ်းမျှ လျှပ်စစ်ကားခြောက်သိန်းကျော် နှစ်စဉ်ရောင်းချရဖို့ လိုအပ်နေခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါရင်းနှီးမြှုပ်နှံမှုသတင်းကို တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီးနောက်မှာတော့ ဟွန်ဒိုင်းကုမ္ပဏီရဲ့ရှယ်ယာတွေဟာ ၂%လောက်ချက်ချင်းဈေးတက်သွားတယ်လို့လည်း ရိုက်တာသတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။