အာရှ-ပစိဖိတ်ဒေသဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်း အတိုးတက်ဆုံးဒေသတစ်ခုဖြစ်လာနေတယ်လို့ စစ်တမ်းတွေကဆိုပါတယ်။
ဒေသအလိုက်ရပ်တည်မှုမှာ အဆင့်၅နေရာမှာသာရှိနေသေးပေမယ့် တစ်ကမ္ဘာလုံးအတိုင်းအတာ ပျမ်းမျှတိုးတက်မှုပမာဏကို ကျော်ဖြတ်နိုင်ခဲ့သလို လက်တင်အမေရိကနဲ့ ကာရစ်ဘီယံဒေသတွေကို ကျော်ဖြတ်နိုင်မယ့်အလားအလာတွေလည်း ရှိနေခဲ့တာဖြစ်ပါတယ်။
အာရှ-ပစိဖိတ်ဒေသအတွင်းနိုင်ငံတိုင်းလိုလိုဟာ ဈေးကွက်နဲ့ Infrastructureပိုင်းမှာ သိသိသာသာတိုးတက်လာခဲ့တာတွေ့ရပါတယ်။ ဗီယက်နမ်နဲ့ကာဇက်စတန်တို့ဟာ ဆယ်စုနှစ်တစ်ခုအတွင်း လျှပ်စစ်စွမ်းအားကဏ္ဍမှာ အဆ၅၀ကျော်ထိ တိုးတက်လာခဲ့ပါတယ်။
ဒါ့အပြင် အာရှ-ပစိဖိတ်ဒေသတွင်း ၁၇နိုင်ငံလောက်ဟာ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရာမှာ လွယ်ကူလျင်မြန်ချောမွေ့စေနိုင်တဲ့ မူဝါဒတွေ၊ ဥပဒေချမှတ်မှုတွေ ပြုလုပ်ခဲ့ကြတာတွေ့ရပါတယ်။
အိန္ဒိယသမ္မတမိုဒီရဲ့ ကြိုးနီစနစ်ဖျက်သိမ်းရေးလှုပ်ရှားမှုဟာ မြင်သာထင်သာအရှိဆုံး ဥပမာတစ်ရပ်ဖြစ်သလို သက်ဆိုင်ရာလုပ်ငန်းတွေရဲ့ အစိုးရနဲ့ပူးပေါင်းဆောင်ရွက်မှုဟာ ၃ဆလောက်မြင့်တက်လာခဲ့ပါတယ်။
ဒေသတွင်းဆင်းရဲမွဲတေမှုကလည်း သိသိသာသာကျဆင်းလာခဲ့ပြီး ငတ်မွတ်ခေါင်းပါးမှု၊ သောက်သုံးရေရှားပါးမှုပြဿနာတွေလည်း လျော့နည်းလာခဲ့ပါတယ်။ ဗီယက်နမ်ပြည်သူသန်း၂၀ကျော်လောက်ဟာ ၂၀၀၉ခုနှစ်မှာ သောက်သုံးရေရှားပါးမှုပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အခု၂၀၁၉မှာတော့ ဒီပြဿနာကို လုံးဝဖြေရှင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ တိုင်းပြည်အတွင်း အလွန်အမင်းဆင်းရဲနွမ်းပါးသူအရေအတွက်ဟာ ၂၀၀၉ခုနှစ်မှာ ၂၀ရာခိုင်နှုန်းထိရှိခဲ့ပေမယ့်လည်း အခု၂၀၁၉ခုနှစ်မှာတော့ ၂%အထိကို ကျဆင်းလာခဲ့ပါတယ်။
ဒေသတွင်းနိုင်ငံအသီးသီးရဲ့တိုးတက်လာမှုတွေကြောင့် အာရှ-ပစိဖိတ်ဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်း ကမ္ဘာ့တိုးတက်မှုအရှိဆုံးဒေသတစ်ခုအဖြစ် မှတ်တမ်းဝင်နေခဲ့တာဖြစ်ပါတယ်။