တရုတ်နိုင်ငံထုတ်ကားများအတွက် အစိုးရထောက်ပံ့ကြေးရမယ့် Tesla

နာမည်ကျော်ကားကုမ္ပဏီTeslaရဲ့ တရုတ်အခြေစိုက်စက်ရုံကထုတ်လုပ်တဲ့ Model 3လျှပ်စစ်ကားများအတွက် တရုတ်အစိုးရက ထောက်ပံ့ကြေးပေးအပ်သွားမှာဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနကို အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါဟာ အမေရိကန်ကားကုမ္ပဏီကြီးတွေ တရုတ်ဈေးကွက်မှာ ပိုမိုရင်းနှီးမြှုပ်နှံလာဖို့အတွက် တရုတ်အစိုးရရဲ့ကြိုးပမ်းမှုတစ်ရပ်ဖြစ်တယ်လို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

လျှပ်စစ် ဒါမှမဟုတ် ဟိုက်ဒရိုဂျင်လောင်စာသုံးယာဉ်ထုတ်လုပ်မှုတွေအတွက် အစိုးရထောက်ပံ့ကြေးကို စိစစ်ပေးအပ်သွားမှာဖြစ်ကြောင်း တရုတ်စက်မှုဝန်ကြီးဌာနက တရားဝင်ကြေညာချက်ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။ အဆိုပါအစိုးရထောက်ပံ့ကြေးကို လက်ခံရရှိခဲ့ပြီဖြစ်ကြောင်း Teslaက သောကြာနေ့နံနက်အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။

Teslaရဲ့ ရှန်ဟိုင်းစက်ရုံကထုတ်လုပ်တဲ့ Tesla Model 3 လျှပ်စစ်ကားများကို အစိုးရထောက်ပံ့ကြေးများစွာ ပေးအပ်သွားမှာဖြစ်ကြောင်း တရုတ်စက်မှုဝန်ကြီးဌာနဝက်ဘ်ဆိုက်ကလည်း ဖော်ပြသွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားအခြေစိုက် Teslaကားကုမ္ပဏီဟာ သူတို့ရဲ့ရှန်ဟိုင်းစက်ရုံကနေ ၂၀၁၉နှစ်ကုန်ပိုင်းမှာ တစ်ပတ်ကို လျှပ်စစ်ကားအစီးတစ်ထောင်ထုတ်လုပ်ဖို့ရည်မှန်းထားပြီး အဆိုပါကားများကို တရုတ်နှစ်သစ်ကူးကာလဖြစ်တဲ့ ဇန်နဝါရီလ၂၅ရက်နေ့မတိုင်မီ ရောင်းချသွားဖို့လည်း စီစဉ်လျက်ရှိနေပါတယ်။

Tesla Model 3လျှပ်စစ်ကားများအတွက် ရရှိလာမယ့် ထောက်ပံ့ကြေးပမာဏကိုတော့ အတိအကျသတင်းထုတ်ပြန်ခြင်းမရှိပါဘူး။ တရုတ်ဈေးကွက်မှာ Model 3လျှပ်စစ်ကားတစ်စီးရဲ့တန်ကြေးကတော့ ၃၅၅,၈၀၀ယွမ် (အမေရိကန်ဒေါ်လာ ၅၀,၅၅၀)ဖြစ်ကြောင်း Teslaရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။

၂၀၁၈ခုနှစ်အတွင်း တရုတ်ဈေးကွက်မှာ ကားထုတ်လုပ်ရောင်းချမှုစုစုပေါင်းရဲ့ ၄.၆%ဟာ လျှပ်စစ်နဲ့ဟိုက်ဒရိုဂျင်လောင်စာသုံးကားတွေပဲဖြစ်ပါတယ်။ ဒီပမာဏကို လာမယ့် ၂၀၂၅ခုနှစ်မှာ ၂၅%ထိ တိုးတက်လာစေဖို့ တရုတ်အစိုးရကရည်မှန်းထားတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။