Delivery ဝန်ဆောင်မှုကို ထပ်မံတိုးချဲ့သွားမယ့် Uber

Uberအနေနဲ့ အစားအသောက်Deliveryဝန်ဆောင်မှုအပြင် အခြားသောကဏ္ဍများကိုလည်း Deliveryပို့ဆောင်ပေးနိုင်အောင် တိုးချဲ့စီစဉ်သွားမှာဖြစ်မယ်လို့ CEOဖြစ်သူဒါရာကပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့၂နှစ်အတွင်းမှာ Uberရဲ့ အစားအသောက်Deliveryဝန်ဆောင်မှု အောင်မြင်လာခဲ့ပြီးနောက် အခြားသောလုပ်ငန်းများကိုလည်း Deliveryဝန်ဆောင်မှုပေးနိုင်အောင် တိုးချဲ့သွားတော့မှာဖြစ်တယ်လို့ ဒါရာကဆိုပါတယ်။

“ကျွန်တော်တို့အနေနဲ့ Deliveryဝန်ဆောင်မှုကို အစားအသောက်ကဏ္ဍတင်မကဘဲ အခြားသောလုပ်ငန်းနယ်ပယ်အသီးသီးအတွက် ထပ်မံတိုးချဲ့သွားဖို့ ပြင်ဆင်နေပါတယ်။ ဒါကို နယူးယောက်မြို့ကနေ စတင်သွားဖို့ရှိနေပြီး နယူးယောက်မြို့တွင်းက ခင်ဗျားလိုချင်တဲ့အရာမှန်သမျှ မရဘူးဆိုတာမရှိဘဲ ခင်ဗျားဆီအရောက်ပို့ဆောင်ပေးနိုင်ဖို့အထိ ကျွန်တော်တို့ရည်မှန်းထားပါတယ်။ မိနစ်၃၀အတွင်း အရောက်ပို့ပေးနိုင်ဖို့လည်း မျှော်လင့်နေပါတယ်”လို့ ဒါရာက သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။

အဆိုပါဝန်ဆောင်မှုများကို ၂၀၂၀ခုနှစ်အတွင်း နယူးယောက်နဲ့တကွ အမေရိကန်မြို့များမှာ စတင်အသုံးပြုနိုင်မှာဖြစ်ပေမယ့် ကမ္ဘာ့နိုင်ငံအသီးသီးကို ဘယ်အချိန်လောက် စတင်ဖြန့်ကျက်သွားမယ်ဆိုတာကိုတော့ ဒါရာက အသေးစိတ်ပြောပြခဲ့ခြင်းမရှိပါဘူး။

Uberဟာ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းက ချီလီအခြေစိုက် အွန်လိုင်းကုန်စုံဆိုင်တစ်ခုဖြစ်တဲ့ Cornershopရဲ့ ရှယ်ယာအများစုကို ဝယ်ယူထားခဲ့ပါတယ်။ ဒါဟာ သူတို့ရဲ့Deliveryဝန်ဆောင်မှုကို စားသောက်ကုန်နဲ့ အိမ်သုံးကုန်များနယ်ပယ်အထိ ဈေးကွက်ချဲ့ထွင်မှုခြေလှမ်းတစ်ရပ်ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။